နေပြည်တော်     ဇူလိုင်     ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ချင်းတောင်မြို့ရှိ ချင်းတောင်-SCO ပုလဲအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစင်တာ (Pearl of SCO International Expo Center) နှင့် China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိပ်ကမ်းစီမံကိန်း (China Transfer (SCO) International Logistic Port  Project) များသို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်-SCO ပုလဲအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစင်တာ (Pearl of SCO International Expo Center) သို့ ရောက်ရှိရာ စင်တာမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်တာအတွင်းလှည့်လည်ကြည့်ရှု လေ့လာကြရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးဇုန် တရုတ်ကွန်မြူနစ်ပါတီ လုပ်ငန်းကော်မတီအဖွဲ့ဝင် မစ္စ ဖူကျုံဟွနှင့် တာဝန်ရှိသူများက စင်တာဆိုင်ရာ အချက်အလက်များ၊ ဈေးကွက်ဗဟိုပြုစနစ်ဖြင့် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက်လည်ပတ်နေမှု၊ SCO အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲနေရာများ ထောက်ပံ့ခြင်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
SCO သရုပ်ဖော်ပြသပွဲဇုန်၏ အထင်ကရဖြစ်သည့် ချင်းတောင်-SCO ပုလဲအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစင်တာ(Pearl of SCO International Expo Center) စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အဆောက်အဦဧရိယာသည် ၁၆၈၈၀၀ စတုရန်းမီတာ ကျယ်ဝန်း၍ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်သော စနစ်များစွာ ပါဝင်သည်။ ၎င်းသည် ဈေးကွက်ဗဟိုပြုစနစ်ဖြင့် ရင်းနှီးမြှုပ်နှံ၍ တည်ဆောက် လည်ပတ်လျက်ရှိပြီး ပြခန်းညီလာခံများ၊ ပညာရေးနှင့် လေ့လာသင်ကြားမှုများ၊ ခရီးသွားလာမှုနှင့် လှည့်လည်ကြည့်ရှုခြင်းများ၊ ကုန်စည်ပြပွဲနှင့် ရောင်းချမှုများ၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် စီးပွားရေးဝန်ဆောင်မှုများ စသည်တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးခြင်း၊ SCO အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲနေရာများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသည်။ SCO စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေး ကွင်းဆက်ဖိုရမ်၊ SCO အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကုန်စည်ပြပွဲ ကဲ့သို့သော ဘက်ပေါင်းစုံနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အောင်မြင်မှု ပြယုဂ်တစ်ရပ်ဖြစ်သည့် China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ဆိပ်ကမ်းစီမံကိန်း (China Transfer (SCO) International Logistic Port  Project) သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးဇုန် အုပ်ချုပ်ရေးအဖွဲ့ အထွေထွေရေးရာ ဒုတိယညွှန်ကြားရေးမှူ မစ္စတာ ရွှဲကြားပင်က စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံထားရှိမှု၊ ဝန်ဆောင်မှုကို ဦးတည်သော ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်နေမှု၊ ဝန်ဆောင်မှုစင်္ကြံကို အွန်လိုင်းနှင့် အော့ဖ်လိုင်းစနစ်ဖြင့် ဖန်တီးဆောင်ရွက်ရန် ပြီးပြည့်စုံသော ဝန်ဆောင်မှုဌာနချုပ်ကို တည်ထောင်ခဲ့မှုနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပြသထားသည့် SCO အဖွဲ့ဝင်နိုင်ငံများ၏ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာသည်။
အဆိုပါ China Transfer (SCO) အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ဆိပ်ကမ်းစီမံကိန်းတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုယွမ် ၁၀ ဘီလီယံရှိပြီး ဧရိယာမှာ ၁၃၄၃ ဧက၊  အဆောက်အအုံအကျယ်အဝန်းမှာ ၉၈၉၀၀၀ စတုရန်းမီတာရှိပြီး အဓိကအားဖြင့် သတင်းအချက်အလက်ကုန်သွယ်မှုစင်တာ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးစင်တာ၊  မော်တော်ယာဉ် အရင်းအမြစ်စင်တာ၊ သိုလှောင်ရုံနှင့် ဖြန့်ဖြူးရေးစင်တာ၊ ယာဉ်ဝန်ဆောင်မှုစင်တာ၊ ထရပ်ကားပြသမှုစင်တာနှင့် စီးပွားရေး ဝန်ဆောင်မှုစင်တာစသည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း (၇) ခုကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်