တံတားဦး ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေ ဝင်ရောက်သဖြင့် မြစ်ကမ်းပါးနှင့်နီးသော ကျေးရွာများအချို့မှ ပြည်သူများ ရေလွတ်ရာ ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အခြေခံပညာကျောင်း (၉)ကျောင်း ခေတ္တယာယီ ပိတ်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာပေါင်း (၁၄)ရွာရှိ အိမ်ထောင်စုပေါင်း (၉၅၅)စု၊ လူဦးရေပေါင်း (၃၉၂၃)ဦး၊ ငါးရာပြားကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာအုပ်စုနှင့် ဥတည်ကျေးရွာကျေးရွာအုပ်စု စုစုပေါင်း(၄)အုပ်စု အိမ်ထောင်စုပေါင်း (၁၀၀)၊ လူဦးရေပေါင်း (၄၂၇)ဦးတို့အား ရေလွတ်ရာ ကုန်းမြင့်နေရာများ၊ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်။
မြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် အခြေခံပညာကျောင်းများဖြစ်သော အ.ထ.က မြေငူ၊ မူလွန်လက်ဆောင်ယူကျောင်း၊ အ.မ.က ထောက်ရစ်၊ အ.မ.က. ဘလဲ့ဘ၊ အ.မ.က ပေါက်တော၊ အ.မ.က ကျီးပင်၊ အ.မ.က ငါးရာပြား၊ အ.မ.က ဈေးချိုနှင့် အ.မ.က ဇီးပင်ကွေ့ကျောင်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ခေတ္တယာယီပိတ်ထားပြီး ကျောင်းသား/ကျောင်းသူများကို ရေပြန်လည်ကျသည့်အခါ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်စန်းဥထံမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)


