ဇူလိုင် ၉

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ယမန်နေ့မနက်စောပိုင်းက ဟာရီကိန်း Beryl မုန်တိုင်းတိုက်ခတ်ခဲ့ကြောင်း ဟာရီကိန်းစင်တာက ပြောကြားသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ ၎င်းတို့၏နေအိမ်များပေါ်သို့လဲကျခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်ဟု  အာဏာပိုင်များက ဆိုသည်။ တက္ကဆက်ပြည်နယ်တွင် ၂ ဒသမ ၇ သန်းခန့်ရှိ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ဓါတ်အားပြတ်တောက်သွားခဲ့သည်။ 

ဟာရီကိန်း အဆင့်တစ်ရှိသော ထိုမုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၈၀ ဖြင့် ယမန်နေ့မနက် ၄ နာရီခန့်က Houston မြို့၏အနောက်တောင်ဘက် ၈၅ မိုင်အကွာရှိ မာတာဂါဒါကောင်တီကို ဝင်ရောက်တိုက်ခတ်ခဲ့သည်။ တက္ကဆက်ပြည်နယ်အရှေ့ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ လေပြင်းများတိုက်ခတ်မှုကြောင့် ပျက်စီးမှုနှင့် အသက်အန္တရာယ်ရှိသော မုန်တိုင်းတိုက်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ဗင်နီဇွဲလား၊ ဂျမေကာ၊ ဂရီနာဒါ၊ စိန့်ဗင်းဆင့်၊ Grenadines နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တို့တွင် လွန်ခဲ့သောသီတင်းပတ်က ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၁ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု မီဒီယာကဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို