နေပြည်တော် ဇူလိုင် ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာန၊ တပ်ကုန်းမြို့နယ် အမှတ်(၆၈) စက်မှုလယ်ယာစခန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်အတွင်း ကြဲခင်းစနစ်ပပျောက်ရေးအတွက် အခြောက်ထယ်ရေး မျိုးစေ့ချစက်ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ စပါးစိုက်တောင်သူများ တက်ရောက်၍ ကြည့်ရှုအားပေး လေ့လာခဲ့ကြသည်။

 

အဆိုပါ ကွင်းသရုပ်ပြပွဲများကို ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာ၊ ကွင်းအမှတ် ၁၃၁၀ ၌ ဇွန်လ နောက်ဆုံး ပတ်တွင် တစ်ကြိမ်၊ ဇူလိုင်လ ပထမပတ်တွင် တစ်ကြိမ် စိုက်ပျိုးခဲ့ကြောင်း၊ အခြောက်ထယ်ရေး မျိုးစေ့ချစက် (Dry Seeder) ကိရိယာဖြင့် စပါးစိုက်ပျိုးရာတွင် တန်းကြား အကွာအဝေး ရှစ်လက်မနှင့် မျိုးစေ့ကုန်ကျမှုအနေဖြင့် တစ်တင်းမှ နှစ်တင်းနှုန်း တောင်သူများ စိတ်တိုင်ကျ ချိန်ညှိနိုင်ခြင်း၊ စိုက်စမ်းကြောင်းအနက်မှာ အစိုဓာတ်ရရှိသည်အထိ အတိမ်အနက်များကို လိုအပ်သလို ချိန်တွယ်စိုက်ပျိုးနိုင်သဖြင့် စပါးစိုက်တောင်သူများ ကြိုက်နှစ်သက်လျက်ရှိကြောင်း သိရပြီး နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် အခြောက်ထယ်ရေး မျိုးစေ့ချစက် ၁၀ စက်ဖြင့် နေပြည်တော် ရှစ်မြို့နယ်အတွင်း ဧက ၁၀၀၀ ခန့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်