ဇူလိုင် ၉

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အခြားခြောက်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားပြီးနောက် ကာမန်မြို့၏ချောင်းတစ်ခုအတွင်းသို့ ယမန်နေ့ညနေ ၅ နာရီဝန်းကျင်က ပစ်ကပ်ထရပ်ကားတစ်စီး မျောပါသွားခဲ့ကြောင်းနှင့် ကားပေါ်တွင်  ၁၇ ဦး လိုက်ပါလာကြောင်း ကာမန်မြို့၏ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံးအဖွဲ့ အကြီးအကဲက ပြောကြားသည်။

ထိုကားသည် မင်္ဂလာပွဲသို့သွားရောက်ခဲ့ပြီး ရေလျှံနေသောလမ်းကိုဖြတ်ကာ ၎င်းတို့၏ကျေးရွာသို့ ပြန်လာစဉ် လမ်းဘေးချောင်း အတွင်းသို့ မျောပါသွားခြင်းဖြစ်သည်ဟု ကနဦးစုံစမ်းစစ်ဆေးမှုတွင်ဖော်ပြထားသည်။

အဆိုပါမတော်တဆမှုဖြစ်ပွားရာနေရာမှ ၅ ကီလိုမီတာအကွာခန့်တွင် ယမန်နေ့ညပိုင်းက မိန်းကလေးတစ်ဦး၏အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ဆယ်ဦးကိုကယ်ဆယ်ရရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကြင်စဦးဇနီးမောင်နှံအပါအဝင် ခြောက်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။ ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူခြောက်ဦးကို ပြန်လည်ရှာဖွေမှုများလုပ်ဆောင်လျက်ရှိကြောင်း ကာမန်မြို့တော်ဝန်က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို