ရန်ကုန် ဇူလိုင် ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံကွင်း အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) သို့ရောက်ရှိပြီး အမျိုးသမီး (၄)ထပ်အိပ်ဆောင်ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) စားရိပ်သာ၌ သင်တန်းသား/ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီ တွေ့ဆုံနှုတ်ဆက်ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။
အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)တွင် အားကစားနည်း (၁၇)နည်းကို လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်နှင့် နေပြည်တော်တို့မှ သင်တန်းသား/သင်တန်းသူ (၂၅၄)ဦးကို နိုင်ငံတော်က အလုံးစုံအကုန်အကျခံ၍ အားထားရသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး HE.Mr Abhay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ တို့နှင့်အတူ လူငယ်အားကစား လေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်း သို့ရောက်ရှိပြီး FIFA International Women “A” Friendly Matches ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းအား တွေ့ဆုံကာ မိမိတို့၌ရှိသည့် အစွမ်း အစများနှင့် နည်းပြများ၏ သင်ကြားပြသထားသော နည်းစနစ်၊ ဗျူဟာများကို အသုံးချပြီး အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အားကစားကို ချစ်မြတ်နိုးပြီး ဘောလုံးအားကစား ထွန်းပေါက်အောင်မြင်လာအောင် ကြိုးစားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး မြန်မာအသင်းက အိန္ဒိယအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


