နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ နှင့် ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၉
နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးဆည်၊ သပြေစမ်းဆည်၊ မြောက်ပိန်းဆည်နှင့် တောင်ပိန်းဆည်တို့၏ ရေဝေရေလဲ ဧရိယာဖြစ်သော ဖိုးဇောင်းတောင်ပေါ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင် များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများ၊ နေပြည်တော် ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်း အမှတ်အဖြစ် မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်နေရာများတွင် သစ်ပင်ပန်းပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများ စုပေါင်း၍ ကုက္ကို၊ ဧကရာဇ်၊ ကျွန်း၊ သစ်ပိတောက်၊ ယင်းမာ၊ မန်ဂျန်ရှားနှင့် မန်ကျည်း စုစုပေါင်း အပင် ၂၀၀၀ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အား ပေးကြသည်။
ယင်းနောက် နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ သည် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၀ အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရာက်ပြီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် နေပြည်တော် ကောင်စီဝင်များက အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသမီးလေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား လေးယောက်တွဲ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစား သမားများကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမျိုးသမီးတံခွန်စိုက်ဆုရရှိသည့် ဒက္ခိဏသီရိမြို့နယ်အသင်း၊ အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းနှင့် စုပေါင်းတံခွန်စိုက်ဆု ရရှိသည့် ပုဗ္ဗသီရိမြို့နယ်အသင်းတို့ကို တံခွန်စိုက်ဖလား များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နေပြည်တော် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္က္ကဋ္ဌ နေပြည်တော်ကောင်စီဥက္က္ကဋ္ဌသည် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် နေပြည်တော်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်အတွင်း အခြေခံစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် အထိုင်ရောင်းချခြင်း၊ Mobile ရောင်းချခြင်း စနစ်ဖြင့် ဆန်များကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ဆိုင်များအနေဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများကို ပြည့်ဝစွာထမ်းဆောင်နိုင်ရေးတို့ကို ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တက်ရောက်လာ ကြသည့် လုပ်ငန်းရှင်များက နေပြည်တော်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


