ဇူလိုင် ၁၁
အိန္ဒိယနိုင်ငံရှိနေရာအများအပြားတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အရေအတွက်မြင့်မားလျက်ရှိသဖြင့် ကျန်းမာရေးဝန်ကြီး ဂျာဂတ်ပရာကတ်ရှ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအား ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတစ်ရပ်ကို ယမန်နေ့က ကျင်းပခဲ့သည်။
နယူးဒေလီတွင်ကျင်းပသော ယင်းအစည်းအဝေးသို့ အစိုးရဆေးရုံများမှ အဆင့်မြင့်ဆရာဝန်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မိုးရာသီနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါများ အများဆုံးဖြစ်ပွားခဲ့သည်။ မုတ်သုံရာသီသည် ဇွန်လလယ်ပိုင်းနှင့် ဩဂုတ်လကုန်ကြားကာလဖြစ်သည်ဟု သိရသည်။
တောင်ပိုင်းကာနာတာကာပြည်နယ်တစ်ခုတည်းမှာပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၀၀၀ ကျော်ရှိပြီး ထိုပြည်နယ်၏မြို့တော်ဘန်ဂါလူရူတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ယခုနှစ်အတွင်း ဒေလီတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၅၀ နီးပါးရှိသည်ဟု သိရသည်။ အဆိုပါမြို့တွင် ယခုနှစ်ဇန်နဝါရီ ၁ ရက်နှင့် ဇွန်လ ၂၉ ရက်နေ့အကြား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၄၆ ဦးရှိပြီး ယင်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူမရှိကြောင်း Indian Express တွင် ဖော်ပြထားသည်။
ကာနာတာကာပြည်နယ်တွင် ယခုနှစ်အစပိုင်းမှ ဇူလိုင်လ ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၇၃၆၂ ဦး၊ ဆေးရုံတက်ကုသမှုခံယူနေသူ ၃၀၃ ဦးနှင့် သေဆုံးသူ ခုနစ်ဦး ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။ ဇူလိုင်လ ၉ ရက်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၅ ဦးရှိရာ ပြည်နယ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၇၅၄၇ ဦးအထိရှိလာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို