နေပြည်တော်၊ ဇူလိုင် ၂၂ 


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာဆရာ/ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါတက္ကသိုလ် ရတနာ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဉီးဘိုနီ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပညာတတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည် ဆောင်ရွက်ရသော  အခြေခံပညာဆရာ၊  ဆရာမများ၏  အခန်းကဏ္ဍသည်   အဓိကကျပါကြောင်း၊ အနာဂတ် နိုင်ငံတော်အတွက် လူငယ်ထုကို ထုဆစ်ပုံဖော်ဆောင်ပေးမည့် ဆရာ၊ ဆရာမများသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန်ထက်မြတ်၍ ဆင်ခြင်တုံတရားနှင့် စွမ်းဆောင်ရည်မြင့်မားရန်၊ စေတနာ၊ ဝါသနာ၊ အနစ်နာကိုအရင်းခံပြီး တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။    

အဆိုပါသင်တန်းသို့ သင်တန်းသား (၇၄) ဦး၊ သင်တန်းသူ (၃၁၅) ဦး၊ စုစုပေါင်း (၃၈၉) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၅) ပတ် ကြာမြင့်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ပတ္တမြားခန်းမ၌ကျင်းပသည့် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်းအမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက် အဓိကဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး၊ ပြည်သူ့အတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတို့တွင် အထောက်အကူဖြစ်စေရေး ကြိုးစားလေ့လာသင်ယူကြရန် မှာကြားသည်။

အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သင်တန်းသား(၁၆၇)ဦး၊ သင်တန်းသူ (၅၆) ဦး၊ စုစုပေါင်း (၂၂၃)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်