ရန်ကုန်၊ ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများကို ဒေသခံကြက်ခြေနီများက လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိသည်။
ထိုသို့ ကူညီဆောင်ရွက်ပေးလျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဇလုံကျေးရွာအုပ်စုမှ ရေဘေးသင့်ပြည်သူများအတွက် စေတနာအလှူရှင်များ လှူဒါန်းသော ဆန်၊ ကြက်ဥ၊ သောက်ရေသန့်နှင့် ဆေးဝါးများကို အလှူရှင်များနှင့်အတူ သယ်ယူပို့ဆောင် ဖြန့်ဝေပေးခြင်း၊ မိုးညိုမြို့ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင် ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ ထိခိုက်ဒဏ်ရာ ရသူများအား ရှေးဦးပြုစုပေးခြင်း၊ ဝမ်းပျက်ဝမ်း‌လျှောရောဂါ အသိပညာပေးခြင်း၊ အလှူရှင်များ လှူဒါန်းသော ထမင်းဘူးများကို ကူညီ ဝေငှပေးခြင်း၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအတွက် အလှူရှင်များ လှူဒါန်းထားသည့် ထမင်းဘူးများကို ကူညီဝေငှပေးခြင်း၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် ထိခိုက်ခံစားရသူများကို ကူညီခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး အချိန်များတွင် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ရွာလူထုများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်