နေပြည်တော်၊ ဇူလိုင် ၂၂
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီး စီးမှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်အထိ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန (၂၆၇) ခု၊ စစ်ဆေးအကဲဖြတ်သူ (၈၅၇) ဦး၊ စစ်ဆေးရေးမှူး (၁၀၂) ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် (၅၂) မျိုးတွင် ဖြေဆိုသူ (၂၉,၂၀၃) ဦး အနက် (၂၆,၇၉၀) ဦးကို ကျွမ်းကျင်လုပ်သားအဖြစ် အသိအမှတ်ပြုခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ဂဟေဆက်သင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်လှစ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာသင်ယူမှု အခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရေး သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန် မှာကြားပြီး သင်တန်းကျောင်းအတွင်း ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၌ အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် ရွေ့လျားဆေးကုသယာဉ်အတွင်း ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်း ကိရိယာများ တပ်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ကပ်တု သွေးသန့်စင်ခန်းတွင် လူနာများအား စက် ၄ လုံးဖြင့် ကုသပေးနေမှုကိုကြည့်ရှု၍ ကျောက်ကပ် ဆေးကြောသည့်လူနာများကို အလှူငွေများပေးအပ်ကာ ပြင်ပလူနာဌာနတွင် လာရောက်ကုသသည့် အာမခံအလုပ်သမားများအား ကြည့်ရှုအားပေးသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင် အာမခံ အလုပ်သမားပေါင်း (၉၀၉,၉၅၆) ဦးအတွက် လူမှုဖူလုံရေးဆေးခန်း (၁၃) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃၉) ခန်း၊ Capitation Payment စာချုပ် ဆေးခန်း (၅) ခန်းနှင့် Specialist OG OPD ပြသနိုင်သော ဆေးခန်း (၃၂) ခန်း၊ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ၊ ဆေးခန်း (၁၁) ခန်းဖြင့် ဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ လူနာဦးရေ (၆၉,၆၃၁) ဦးအား ဆေးဖိုးငွေကျပ် သန်းပေါင်း (၄,၃၁၉ဒသမ၆၃၉) ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


