နေပြည်တော်၊ ဇူလိုင် ၂၂

ကျေးလက် လမ်း၊ တံတား စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံအတွင်း ကျေးလက်လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများနှင့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဆောလျင်စွာ ပြီးစီးရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီစေရေးကိုလည်း အလေးထား ကြပ်မတ်သွားရန်လိုကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးအသီးအပွင့်များ၊ အကျိုးရလဒ်များကို မြန်မြန်ခံစားရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လမ်းတံတားလုပ်ငန်းများနှင့် ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်အတွင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် ထူးချွန်ဆုများ ရရှိခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်လမ်းအရှည် (၄၃၉၉၇) မိုင်ကို တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၉ ဒသမ ၁၃ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း (၁၉၀)၊ တံတား၊ ရေကျော်နှင့် Box Culvert (၁၆၉) စင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၀ ဒသမ ၇၄ ဘီလီယံဖြင့် လမ်းမိုင်ပေါင်း (၉၃၀)၊ တံတား၊ ရေကျော်နှင့် Box Culvert (၁၀၇၂) စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာပေါင်း (၇၃၉၅)ရွာရှိ ဒေသခံ ပြည်သူ ၅ ဒသမ ၅၄ သန်းကို အကျိုးပြုနိုင်ခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း လမ်း၊ တံတားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်