နေပြည်တော်  ဇူလိုင်  ၂၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းအနီး မြင်းစီးအားကစားကွင်းအတွင်း၌  ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင်များ၊ စိန်ပန်းပင်များ၊ သပြေဘူတပင်များနှင့် ငုရွှေဝါပင်များကို ဆက်လက်စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်ရုံးခွဲများတွင်လည်း မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ပြီး ရတနာတန်းဝင် ကျွန်းပင်များ၊ နှစ်ရှည်သီးနှံပင်များနှင့် အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် ဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့ပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတွင် သစ်ပင်စုစုပေါင်း (၁၄၈၇) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်