၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးအပ်


နေပြည်တော်၊ ဇူလိုင် ၂၂
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟို ဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဘာသာစုံဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  “ပညာ” ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့ အကျိုးသယ်ပိုးနိုင်သည့်“စစ်မှန်သည့် အင်အား”တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာကဏ္ဍကို မြှင့်တင်နိုင်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် ( ၅ ) ရပ်၊ ဦးတည်ချက် ( ၉ ) ရပ်ထဲ တွင် လူမှုရေးဦးတည်ချက်တစ်ရပ်အဖြစ် “ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ကို ထည့်သွင်းချမှတ်ပြီး နိုင်ငံသားတိုင်း ပညာသင်ယူမှု အခွင့် အလမ်းများ သာတူညီမျှရရှိစေရန် ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

“ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေး”ကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဦးလည်မသုန် ထမ်းဆောင်ကြသည့်အတွက် တာဝန်ရှိသူများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ အားလုံးကို အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း။

ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရက ဦးဆောင်ရမည် မှန်ပေသော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့်ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည်အားကောင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည့် ကျောင်းသားလူငယ်များ ၏ အင်အားကို ပိုမိုအားထားရမည်ဖြစ်ကြောင်း။

ယခင်နှစ်များက ယခုကဲ့သို့ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဦးစီးဌာနအဆင့်ထိသာ ဆုချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံး ဘာသာစုံဂုဏ်ထူး ရရှိသူအားလုံးကို “နိုင်ငံတော်အဆင့်” “ပထမအကြိမ်” ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် ဘာသာစုံဂုဏ်ထူးရှင် (၅၀၇) ဦးကို ရွှေစင်ငါးမူးသား ဒင်္ဂါးပြားများနှင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးမည် ဖြစ်ကြောင်း။

 

mdn

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသားများကို ဒေသန္တရဗဟုသုတများ ရရှိရန်၊ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ပြည်တွင်းလေ့လာရေး ခရီးစဉ်သာမက နိုင်ငံတကာ အတွေ့အကြုံများရရှိစေရန် ပြည်ပလေ့လာရေးခရီးစဉ်များ ကိုပါစေလွှတ်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် မျိုးဆက်သစ်လူငယ်များကို စိတ်ခွန်အားများရရှိပြီး ပညာကိုအစဉ်တစိုက် ကြိုးစားလိုစိတ်များ ပိုမိုပေါ်ထွက်လာ အောင် ဂုဏ်ပြုချီးမြှောက်ခြင်းဖြစ်ကြောင်း။

ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲဘာသာတွဲအလိုက် ရမှတ်အများဆုံး ရရှိသူ ကျောင်းသား၊ ကျောင်းသူ (၃၀)ကို ပြည်ပနိုင်ငံများသို့လေ့လာရေးခရီး သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း။

ယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံ ပညာကို ပြီးဆုံးပြီဖြစ်သဖြင့် အဆင့်မြင့်ပညာကို သင်ယူရတော့မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ သင်ယူသည့်အခါတွင် မိမိတို့စိတ်ဝင်စားသည့် ပညာရပ်များ၊ ဝါသနာပါသည့် အသက်မွေး ဝမ်းကျောင်းဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်တက်ရောက်ကြစေလိုကြောင်း၊ စာသင်ခန်းကရသည့် ပညာသည် သညာသိဖြစ်ပြီး သညာသိလောက်ဖြင့် ဘဝတွင် မလုံလောက် နိုင်သည့်အတွက် တော်နေရုံမျှနှင့်မပြီးစေဘဲ သညာသိကနေ ပညာသိဖြစ်လာအောင် မိမိအတွက်၊ မိသားစုအတွက်၊ လူ့အဖွဲ့ အစည်းအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့် လူသားများ၊ ပညာရှင်များ၊ ပါရဂူများ ဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

“ပြည့်အင်အားဟာပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဝိဇ္ဇာနှင့် သိပ္ပံနယ်ပယ် (၂) ခုလုံးတွင် ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များ အနေဖြင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ် (၂) ခုလုံးကို တန်ဖိုးထားလေ့လာကြရန် တိုက်တွန်း လိုကြောင်း။

မိမိတို့နိုင်ငံသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းသည့် နိုင်ငံဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာ၊ ပညာစောင့်ရှောက်ရေးသည် နိုင်ငံ့အရေး ဖြစ်သည့်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း။

ဆုရကျောင်းသား၊ ကျောင်းသူများအပါအဝင် လူငယ်အားလုံးအနေဖြင့် “အတ္တနှင့်ပရ” မျှတအောင် ပြုမူကျင့်ကြံ နေထိုင်ကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားပြီး ပြည်သူ့အကျိုးပြု၊ တိုင်းပြည်အကျိုးပြုလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်လိုသည့် စိတ်ကောင်း စေတနာရှိရန် လိုအပ်ကြောင်း။

ကျောင်းသားလူငယ်များသည် အသိပညာနှင့် အတတ်ပညာကို ဟန်ချက်ညီညီ ထိန်းညှိပြီး မိမိတို့၏ ရည်မှန်းထားသည့် ပန်းတိုင်ကို အရောက်သွားရန် လိုကြောင်း၊ “အလိမ္မာစာမှာရှိ” ဆိုသည့် ဆိုရိုးစကားအတိုင်း စာအုပ်စာပေများ ဖတ်ရန်လိုကြောင်း၊ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မှန်မှန်ကန်ကန်လေ့လာ သုံးသပ်ပြီး အသိအမြင်မှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်မှုများ မှန်ကန်ကြရန်၊ အမှားအယွင်း မလုပ်မိကြရန်လိုကြောင်း။

မျက်မှောက်ကာလသည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာရာကိုဖန်တီးနိုင်နေပြီဆိုသည်ကို သတိပြု ရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို မျက်ခြည်မပြတ် လေ့လာကြရမည် ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ပြီး နောက်ကျမကျန်ရစ်မည် ဖြစ်ကြောင်း။

လူငယ်များအနေဖြင့် ဘဝတွင်အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်၊ ဥပဒေများကို လေးစားလိုက်နာတတ်ရန်လည်း လိုကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စည်းကမ်းများ၊ ဥပဒေများကို လေးစားလိုက်နာမှသာ အပြစ်အနာအဆာကင်းပြီး တန်ဖိုးရှိသည့် နိုင်ငံ့ သားကောင်းများ အဖြစ် နိုင်ငံကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း။

ဆုရကျောင်းသား၊ ကျောင်းသူများကို မှာကြားလိုသည်မှာ ယခုကဲ့သို့အောင်မြင်မှုများကို ဘဝ တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းကြရန်၊ အသိပညာ၊ အတတ်ပညာနှင့် ဘဝကို တည်ဆောက်ကြရန်၊ အမှားအမှန်၊ အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်စွမ်းနှင့် စွမ်းဆောင်ရည် မြင့်မားပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် နိုင်ငံ့သား ကောင်းရတနာများ ဖြစ်အောင် ကြိုးစား ကြရန်၊ အသက်ရှင်နေသမျှကာလပတ်လုံးကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ရင့်ကျက်ပြည့်ဝ သူများ ဖြစ်အောင်ကြိုးစားကြရန်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာစုံ ဂုဏ်ထူးရှင်၊ သိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးအား တစ်ဦးချင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဘာသာစုံ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား တစ်ဦးချင်း ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်သည်။

 

mdn

 

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို တစ်ဦးချင်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများက ဘာသာစုံဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီး မြှင့်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

mdn

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” တေးသရုပ် ဖော်တင်ဆက်မှုဖြင့် လည်းကောင်း၊ “မြန်မာ့ကျောင်း” တေးသီချင်းကိုသီဆို၍လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တစ်နိုင်ငံလုံးအမှတ်အများဆုံး ကျောင်းသား၊ ကျောင်းသူ ၃၁ ဦးနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

mdn