မနီလာ၊ ဇူလိုင် ၂၂

 

ဖိလစ်ပိုင်နိုင်ငံ၌ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ပိတ်ပင်ရန်အတွက် သမ္မတ ဖာဒီနန်မားကို့စ်က ယနေ့ ညွှန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ နိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် လုပ်ငန်းများအားပိတ်ပင်ကြောင်း နိုင်ငံတော်အခြေပြုမိန့်ခွန်းတွင် သမ္မတဖာဒီနန်မားကို့စ်က  ထပ်လောင်းပြောကြားသည်။

 

ယင်းအွန်လိုင်း လောင်းကစားလုပ်ငန်းများမှတစ်ဆင့် ငွေကြေးခဝါချမှု၊ ပြည့်တန်ဆာမှု၊ လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများအထိ ဖြစ်ပွားလာရကြောင်း သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားသည်။ ယခုကဲ့သို့ အွန်လိုင်းလောင်းကစားခြင်းကို ပိတ်ပင်လိုက်သဖြင့် မှုခင်းများလျော့နည်း ကျဆင်းလာမည်ဟု သမ္မတက ထပ်လောင်းပြောကြားသည်။ နိုင်ငံအတွက်နှစ်စဉ် ပီဆို ၉၉ ဒသမ ၅ ဘီလီယံကုန်ကျမှုရှိသဖြင့် ၎င်းအွန်လိုင်းလောင်းကစားလုပ်ငန်းကို ပိတ်ပင်ရေးအတွက် တာဝန်ရှိသူများက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ