ပခုက္ကူ ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင် ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီရွှေ့ပြောင်း နေထိုင်ကြသည့် ရေဘေးရှောင်ပြည်သူများအား ဇူလိုင် ၁၀ ရက်ကစတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင် ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးရှောင်ပြည်သူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် အခြားသောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ်မျှတစွာ နေထိုင်၊ စားသောက်စေရေး အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ကြသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း (၂၈)ခုဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးကြောင်း၊ ယခုအခါ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာမှုကြောင့် ရေဘေးရှောင်ပြည်သူအချို့ မိမိနေအိမ်များ၌ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


