မန္တလေး ဇူလိုင် ၂၃
မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာကုန်စိမ်းလက်ကား ဈေးအတွင်းသို့ ယခုအချိန်တွင် တောင်ပေါ်ဒေသတို့မှ ဝင်ရောက်လာသည့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ကောင်းနေကြောင်း အဆိုပါ ဈေးအတွင်းရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။
အဆိုပါ ခရမ်းချဉ်သီးများသည် ရှမ်းပြည်နယ်အတွင်း နောင်ချိုဒေသတို့မှထွက်ရှိပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျှင်ကားအစီးရေ ၁၅ စီးမှ ၂၀ စီးအထိ ပုံမှန်ဝင်ရောက်လျက်ရှိပြီး၊ ယခုလက်ရှိအချိန်တွင် ဈေးနှုန်းများမှာလည်း နောင်ချိုခရမ်းချဉ်သီး ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျှင် ငွေကျပ် ၇၅၀၀၀ မှ ၈၀၀၀၀ ဈေးအထိ ရရှိနေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင်က ပြောသည်။
“လက်ရှိမှာတော့ ခရမ်းချဉ်သီး အဓိကစိုက်ပျိုးတဲ့ ရှမ်းပြည်နယ်ဒေသဘက်က ခရမ်းချဉ်သီးတွေ ဈေးကွက်ကို အများဆုံးရောက်ရှိလာတာပါ။ နောင်ချိုသီးတွေလည်း ဈေးကောင်းရရှိနေပါတယ်။ အဝင်နည်းပြီး ပစ္စည်းပြတ်လပ်နေမှုများကြောင့်လည်း ပါတယ်။ တစ်နေ့ကို ကားစီးရေ ၂၀ ပုံမှန်ဝင်ရောက်နေပါတယ်။ အချိန် ၄၀၀၀ လောက်ဝင်ပါတယ်။ အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ ကျန်တဲ့ဒေသတွေက ထွက်ရှိမှုမရှိတော့ပါဘူး။ နောင်ချိုဒေသက ခရမ်းချဉ်သီးတွေပဲ ထွက်တော့တယ်။ ကျန်တဲ့ ကုန်စိမ်းသီးနှံတွေလည်း ပုံမှန်အရောင်းအဝယ် ကောင်းနေပါတယ်" ဟု ၎င်းကပြောသည်။
အဆိုပါ ခရမ်းချဉ်သီးများသည် လက်ရှိအချိန်တွင် မန္တလေးဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်များကောင်းကာ ဈေးကောင်းများရရှိနေကြောင်း၊ ခရမ်းချဉ်သီးအပြင် ကျန်သည့် ကုန်စိမ်းသီးနှံများဖြစ်သော ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ဘိုစားပဲ၊ မုန့်ညင်းဖြူ၊ ခရမ်းသီး၊ ဂေါ်လခါးသီး၊ အာလူးနှင့် ကြက်သွန်များလည်း ပုံမှန်အနေအထားဖြစ် အရောင်းအဝယ်များကောင်းနေကြကြောင်း သိရသည်။
မောင်အေးချမ်း


