နေပြည်တော်၊ ဇူလိုင် ၂၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် သံအမတ်ကြီး အင်ဒရာမာနီပန်ဒေး အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက်ဒေသတွင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု (Connectivity) ကောင်းမွန်လာခြင်းဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍများ၊ ဆက်သွယ်ရေးနှင့်ဆိုက်ဘာလုံခြုံရေး ကဏ္ဍများအနေဖြင့် အနာဂတ်ဘင်းမ်စတက် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးတွင်  အဓိကအရေးပါမှုရှိသည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဘင်းမ်စတက် အတွင်းရေးမှူး ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)