နေပြည်တော် ဇူလိုင် ၂၃

ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမများ အနေဖြင့် ပညာရေးဆိုင်ရာ စာရင်းအချက်အလက်များ တိကျမှန်ကန်မှုရှိအောင် ပြုစုဆောင်ရွက်ထားကြရမည် ဖြစ်ကြောင်း၊ အောက်ခြေမြေပြင်၏ မှန်ကန်တိကျသော ပညာရေးဆိုင်ရာ စာရင်းအချက်အလက်များကို အခြေခံ၍ အရည်အသွေးရှိသော ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ အောက်ခြေမြေပြင် တွင်ဖြစ်ပေါ်သည့် သတင်းအချက်အလက်များ၊ ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး အဆင့်ဆင့် တင်ပြကြရန်လိုကြောင်း၊ စာသင်ကျောင်း၊ ဆရာ၊ ကျောင်းသား၊ ဝန်ထမ်း၊ ကျား၊ မ စာရင်းများ ပြုစု၍ မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း၊  မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော ကျောင်းသားကျောင်းသူများကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင်  ဆရာ ဆရာမများ အနေဖြင့် ဝိုင်းဝန်းလက်တွဲ၍ ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက စာရင်းအချက် အလက်များ မွမ်းမံခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)