နေပြည်တော် ဇူလိုင် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ဦးဆောင်သော အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ICRC ၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ၊ မိုင်းဒဏ်သင့် ပြည်သူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


