ရန်ကုန် ဇူလိုင် ၂၃

မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးပညာအဖွဲ့က ကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီး ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား   ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန ၊ဆေးတက္ကသိုလ် (၁)  ၌ ပြုလုပ်သည်။

မြန်မာနိုင်ငံဆရာဝန်အသင်းဆေးပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်သင်းသင်းနွဲ့က ‘’ဆေးပညာ နောက်ဆုံး နှစ် အပိုင်း(ခ) ပြီးသွားလို့ ဆရာဝန်ဖြစ်တဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးပြည့်ဝတဲ့ ဆရာဝန် ကောင်းလေးတွေဖြစ်လာဖို့ နိုင်ငံတော်နဲ့ ပြည်သူကိုစောင့်ရှောက်တဲ့ စိတ်ထားကောင်းတဲ့ ဆရာဝန်လေးတွေ ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်၊ ဆေးပညာရပ်မှာ ထူးချွန်တဲ့ကလေးတွေကို ဂုဏ်ပြုပေး ချင်းအားဖြင့် ချီးမြှင့်ထိုက်သူကို ချီးမြှင့်ပေးခြင်းအားဖြင့်  ကလေးတွေအနေနဲ့ ဆက်ပြီး  ကြိုးစားချင်စိတ်ရှိလာစေဖို့  ဆုချီးမြှင့်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်’’ ဟု  ပြောသည်။

အခမ်းအနားတွင်  ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ  ဒုတိယပါမောက္ခချုပ် ပါမောက္ခဒေါ် မိုးဝင့်အောင်၊  မြန်မာနိုင်ငံ ဆရာဝန်အသင်းဆေးပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်သင်းသင်းနွဲ့တို့က အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းဆေးပညာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ဆေးတက္ကသိုလ် ၁ ရန်ကုန်သို့ အလှူငွေများ ပေးအပ်ခဲ့သည်။

ထို့နောက်   ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)  တို့မှ  ဆေးပညာ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ ၄၇  ဦးအား ဂုဏ်ပြု ဆုများ ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့  အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ သိန်းမြင့်က ‘’ မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့က ဆေးပညာဘာသာရပ်မှာ ဂုဏ်ထူးရတဲ့ ကျောင်းသားတွေကို နှစ်စဉ် ချီးမြှင့်ခဲ့တာ  ၁၀ နှစ်ကျော်ခဲ့ပါပြီ၊ ဒါပေမယ့် ကြားထဲမှာ ၂၀၁၈ ပြီးတဲ့ နောက်မှာတော့ အကြောင်းကြောင်းကြောင့် ဂုဏ်ပြုချီးမြှင့်တာမလုပ်နိုင်ခဲ့ပါဘူး၊ အဲ့ဒါကြောင့် အခုချိန်မှာ  ၃ နှစ်တာကာလအတွင်းကျင်းပခဲ့တဲ့ စာမေးပွဲတွေမှာ  ဂုဏ်ထူးရခဲ့တဲ့ကျောင်းသားတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်’’ ဟုပြောသည်။

အဆိုပါ အခမ်းအနားသို့ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ဒုတိယပါမောက္ခချုပ်နှင့်တကွ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခ ဌာနမှူးများ၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူး (ဆေးပညာ သင်ကြားရေး) ဆေးပညာသင်ကြားရေးမှ ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့သည်။

(သတင်းစဉ်)