ဟားခါး ဇူလိုင် ၂၄

 

ယနေ့နံနက် သုည နာရီ ၄၅ မိနစ်ခန့်က ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ချင်းပြည်နယ် တရားလွှတ်တော်ရုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ဟားခါးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုအကြောင်းအရင်းမှာ မသမာသူများမှ မီးရှို့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ချင်းပြည်နယ် တရားလွှတ်တော်ရုံး အဆောက်အဦ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၁)ထပ် (၂)လုံးနှင့် သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၁)ထပ် (၁)လုံး စုစုပေါင်း (၃)လုံးတွဲ မီးလောင်ဆုံးရှုံးခဲ့သည်။

 

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ရုံးသုံးပရိဘောဂများ မီးလောင်ဆုံးခဲ့သည်။

 

ရွှေမြင့်ဦး(ရန်ကုန်)

Source. ပြည်နယ်မီးသတ်ဦးစီးမှူးရုံး