ဒဂုံမြောက် ဇူလိုင် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(‌မြောက်ပိုင်း) မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်နှင့် တိုင်းကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့် အမှတ်(၂၈)ရပ်ကွက် အောင်မင်္ဂလာလမ်းရှိ နေအိမ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့သည့် လူနာ နေအိမ်နှင့် ဘေးပတ်ဝန်းကျင် နေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်နှင့် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး Doxycycline ဆေးတိုက်ခြင်း၊ ကလိုရင်းဆေးဖျန်းပေးခြင်း၊ အိမ်ခြံဝင်းအတွင်းထုံးဖြူးခြင်း၊‌ ရေကန်များဆေးခတ်ခြင်းနှင့် ဆက်လက်ကူးစက် ပြန့်ပွားမှုများ မရှိစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒဂုံမြို့သစ်(‌မြောက်ပိုင်း)မြို့နယ်တွင် ပြင်ထန်း ဝမ်းပျက်ဝမ်းလျှော ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော်ခြင်း၊ ဗီနိုင်းချိတ်ဆွဲခြင်း၊ ထုံးဖြူးခြင်း၊ ရေကန်များအတွင်း ကလိုရင်း‌ခတ်ပေးခြင်း၊ အသိပညာပေးခြင်းများကို ရပ်ကွက်(၂၇)ခုတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြင့်မြင့်ရီ