မိတ္ထီလာ၊ ဇူလိုင် ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း - အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။

 

မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၁၆၉ ဒသမ ၂၆၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မေ ၂၁ ရက်မှစတင်၍ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း- အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတောကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)