ရန်ကုန် ဇူလိုင် ၂၄
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဆေးပညာအဖွဲ့က ကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(ခ) အောင်မြင်ပြီး ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန ဆေးတက္ကသိုလ်(၁)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆေးတက္ကသိုလ်(၁) ရန်ကုန် ဒုတိယပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့ ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ တာဝန်ရှိသူက ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ အလှူငွေများ ပေးအပ်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ် (တောင် ကြီး)တို့မှ ဆေးပညာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၄၇ ဦးကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့အနေဖြင့် ဆေးပညာဘာသာရပ်တွင် ဂုဏ်ထူးရရှိသည့် ကျောင်းသားများကို နှစ်စဉ်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်မှာ ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဆေးပညာရပ်တွင် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ဆရာဝန်များကို ဂုဏ်ပြု ချီးမြှင့်ခြင်းအားဖြင့် ယခုထက် ပိုမိုကြိုးစားချင်စိတ် ရှိလာစေရန်နှင့် အရည်အသွေး ပြည့်ဝပြီး နိုင်ငံတော်နှင့် ပြည်သူက အားကိုးရသည့် မျိုးဆက်သစ်ဆရာဝန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


