ရေကြည် ဇူလိုင် ၂၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ ယနေ့အထိ စာသင်ကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် ရေကြည်မြို့နယ်ရှိ အခြေခံပညာ

အထက်တန်းကျောင်း နှစ်ကျောင်း၊ အလယ်တန်းကျောင်း ရှစ်ကျောင်းနှင့် မူလတန်းကျောင်း ၂၆ ကျောင်း၊ စုစုပေါင်း ၃၆ ကျောင်းကို ပိတ်ထားခဲ့ရပြီး ထိုသို့ပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ် တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုး သင်ကြားသွားရန် စီမံထားကြောင်း သိရသည်။

 

မေသန့်ဇင်(ပြန်/ဆက်)