နေပြည်တော် ဇူလိုင် ၂၄
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့ရှိ ရမည်းသင်း အကျဉ်းထောင်ကို လည်းကောင်း၊ ဇူလိုင် ၂၄ ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ကင်းသာ (၁)၊ (၂) ကုန်ထုတ်စခန်းကို လည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အိပ်ဆောင်များ၌ တွေ့ဆုံ၍ အကျဉ်းသား၊ အချုပ်သား တစ်ဦး ၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့် ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနေမှု၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့် အခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှု၊ စာရိတ္တပြုပြင်ပြောင်းလဲပေးမှု၊ စာကြည့်တိုက် စီစဉ်ထားရှိမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက် ထားရှိမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိမှု၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ စသည်အခြေအနေများကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
ထို့ပြင် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိ စသည့် အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပြီး ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သလို ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


