နေပြည်တော် ဇူလိုင် ၂၄
သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွား ရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ ဌာနလုပ်ငန်းအလိုက် ဥပဒေအသိပညာရှိရန် လိုအပ်သောကြောင့် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ယခု သင် တန်းအပြင် အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း၊ နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ် မည်ဖြစ်သည့်အပြင် မကြာမီ ဥပဒေအသိပညာ ပြန့်ပွားရေး ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ရရှိသည့် ဥပဒေပညာရပ်ဆိုင်ရာ ဗဟုသုတများကို နိုင်ငံတော်နှင့် မိမိတို့ဌာနများအတွက် အကျိုးရှိစွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပြီး သင်တန်းသား(၆၀)ကိုယ်စား သင်တန်းသား ကိုယ်စားလှယ်နှစ်ဦးကို သင်တန်း ဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယခုသင်တန်းသို့ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးမှ လက် ထောက်ညွှန်ကြားရေးမှူး အဆင့်အထိ အလယ်အလတ်အဆင့် သင်တန်းသား၊ သင်တန်းသူ (၆၀) တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၂၄)ရက် ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို သိရှိစေခဲ့ပြီး အလယ်အလတ်အဆင့် နိုင်ငံ့ ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဥပဒေရေးရာကိစ္စရပ်များ ထည့်သွင်းသင်ကြားခဲ့ကြောင်း၊ ထို့ပြင် ဥပဒေရေးဆွဲရေးအခြေခံ၊ စီးပွားရေး စာချုပ်စာတမ်းများအား စိစစ်ခြင်း၊ အပြည်ပြည် ဆိုင်ရာ ဥပဒေနှင့်အာဆီယံ (Legal Instruments)များအကြောင်း၊ အထွေထွေ ဥပဒေအကြံ ဉာဏ်ပေးခြင်း၊ တရားမမှု စွဲဆိုခြင်း စသည့်ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


