နေပြည်တော် ဇူလိုင် ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ဝင်/ထွက် သွားလာနိုင် ရေးအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှု၊ နှစ်နိုင်ငံ အပြည်ပြည် ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အထူးသဖြင့် တမူး-မိုးရေး နယ်စပ်ဂိတ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပေးပို့ထားသည့်စာရင်းအရ အိန္ဒိယနိုင်ငံသားများအား ရှာဖွေကူညီ ကယ်တင်ဆောင် ရွက်မှုနှင့် ရှာဖွေတွေ့ရှိသူများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲ ပြန်လည်လွှဲပြောင်း ဆောင်ရွက်ပေးမှု၊ အိန္ဒိယနိုင်ငံ၌ အောင်မြင်စွာ ဆောင်ရွက်နေသည့် Aadhaar စနစ်ကို နမူနာယူ၍ ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်ကို အကောင်အထည်ဖော် ဆောင် ရွက်နေမှု၊ ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံ ပြည်ပရေးရာဌာနနှင့် National Institute of Smart Government (NISG) တို့မှ နည်းပညာဆိုင်ရာကိုယ်စားလှယ်များ လာရောက်၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှုများအား လေ့လာသုံးသပ်အကြံပြုဆွေးနွေး ဆောင်ရွက်ခဲ့မှုနှင့် ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးနိုင်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့်e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


