နေပြည်တော် ဇူလိုင် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်း ခေတ်မီစံပြ ကျေးရွာ (Smart Village)သို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုဆောင်ရွက်ပေးထားသော ကျေးရွာရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း အရှည်(၁)မိုင် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဆင်ဖြူအင်းကျေးရွာ ရပ်မိရပ်ဖများ နှင့်တွေ့ဆုံ၍ ကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော စတော်ဘယ်ရီ၊ ပင်မှည့်၊ နာနတ်နှင့် အခြား ရာသီသီးနှံများအတွက် လိုအပ်သော ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို သတ်မှတ်နှုန်းထားဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖို ကျေးရွာချင်းဆက်လမ်း အရှည် (၃) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သတ်မှတ် အချိန်အတွင်း အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ပြီးစီးရေး၊ ကျန်ရှိနေသည့် လမ်းမိုင် ၁ မိုင် ၁ ဖာလုံကို လာမည့် ဘဏ္ဍာနှစ်များတွင် ဆက်လက်လျာထား ဆောင်ရွက်ပေးရေး မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်သို့ သွားရောက်၍ အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစု၏ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်၌ သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေသော ဓာတ်မြေဩဇာများ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့မှ ထုတ်လုပ်သည့် စမ်းဝတီ သဘာဝမြေဩဇာများ၊ ပျော်ဘွယ်မြို့မှ ထုတ်လုပ်သည့် ဂျိုးဖြူ အီးအမ်ဘိုကာရှီ သဘာဝဩဇာများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာသို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားနေသည့် သံဂဟေဆက်သင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထူးချွန်သင်တန်းသားများထံ ထောက်ပံ့ပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အနီးစခန်း၊ ရပ်ကွက်ကြီး(၁၇)သို့ သွားရောက်၍ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ပြီး တစ်ပိုင်တစ်နိုင် ကော်ဖီစိုက်ပျိုးထုတ်လုပ်နေသော မေမြို့ပါဆယ်ကော်ဖီလုပ်ငန်းကို ကြည့်ရှုအားပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ခေတ်မီစံပြကျေးရွာ (Smart Village) များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း (၁၂၈) ရွာ လျာထားသတ်မှတ်၍ ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားမြင့်မားစေရန် ဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အသိပညာများ ဖြန့်ဝေပေးခြင်းစသည့် ကဏ္ဍကြီး (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


