နေပြည်တော် ဇူလိုင် ၂၄
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လုပ်ငန်းကော်မတီဝင် များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဌာန ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ငွေကျပ် ၅၀ ဘီလီယံ နှင့် အထွေထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထား သည့် ငွေကျပ် ၁၅၀ ဘီလီယံမှ ငွေကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ငွေကျပ် ၁၀၀ ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် ပေးသွင်းပေးမှု၊ ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာချက် ထည့်သွင်းထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ချေးငွေပြန်လည်ပေးဆပ်မှု တိုးတက်လာသည့် အခြေအနေများ၊ ဆက် လက်ဆောင်ရွက်ရမည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပြီး ကိုဗစ် ၁၉ ရန်ပုံငွေမှချေးငွေ များသည် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများဖြစ်သဖြင့် မဖြစ်မနေ ပြန်လည်ပေးဆပ်ကြရန် တာဝန် ရှိကြောင်း၊ ချေးငွေသက်တမ်း ၃ နှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများ ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ချေးငွေသက်တမ်း တိုးမြှင့်ပေးရန် အစီအစဉ် မရှိပါကြောင်း၊ ပြန်လည်ပေးဆပ်မှု မရှိသူများကို စီမံခန့်ခွဲမှုနည်း လမ်းများ၊ လုပ်ငန်းစဉ်များဖြင့် အမြန်ဆုံးပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ အချိန်စေ့ရောက်တော့မည်ဖြစ်၍ ကြိုတင်ညှိနှိုင်း ဆောင် ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီး အလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုး အရင်း ကောက်ခံရရှိမှု၊ သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုနှင့် ချေးငွေဆိုင်ရာ စာရင်းဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်များကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ချေးငွေပေးဆပ်ရန်ကျန်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကို ပြန်လည်ပေးဆပ်မှု အဆင့်လိုက် ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်၊ ချေးငွေအများဆုံး ကျန်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများ အမြန်ပြန်လည် ပေးဆပ်လာစေရေး ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည် ကောက်ခံရရှိရေး အစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးအကြံပြု တင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ချေးငွေများ အမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


