မြစ်ကြီးနား ၂  မတ်

ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာ လှပရေးအတွက် ပြည်သူလူထုအား အသိပညာပေးခြင်းနှင့် စုပေါင်းအမှိုက်ကောက် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီတွင် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့်အတူ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာ လှပရေးအတွက် ပြည်သူလူထုအား အမှိုက်ကောက်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်တွင် ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားအန္တရာယ်များမှ ကာကွယ်နိုင်ကြောင်း၊ အနံ့ဆိုးများထွက်ရှိမှု လျော့နည်းလာနိုင်ကြောင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်သည့်အတွက် သိမ်းဆည်းရလွယ်ကူကြောင်း၊ အမှိုက်သိမ်းလုပ်သားများ၏ ကျန်းမာရေး မထိခိုက်စေဘဲ မြို့တော်သန့်ရှင်းသာယာလှပပြီး အမြင်တင့်တယ်နိုင်ကြောင်း၊ စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် လူမှုပတ်ဝန်းကျင်တွင် အကျိုးကျေးဇူးများ ရရှိစေကြောင်းနှင့် Recycle  လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေများ ရရှိနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက အမှိုက်ကောက်မည့် အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှမ်းစုမြောက်ရပ်ကွက်ရှိ မြစ်ကမ်းနားဘေးမှ စတင်၍ ပြည်သူများနှင့်အတူ စုပေါင်း၍ မြို့မရပ်ကွက် ရေစင်ကွင်းဈေးအထိ အမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရှိရသည်။

MDN

 

mdn