သထုံ ဇူလိုင်

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိ ချောင်းရေမြင့်တက်ကာ ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

 

မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၆)ရပ်ကွက်တို့သို့ ရေအမြင့် (၃)ပေခန့်အထိ ဝင်ရောက်လာရာ ဘေးလွတ်ရာဖြစ်သည့် ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၆၃)ဦးနှင့် တပ်ဦးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၆)ဦး စုစုပေါင်း အိမ်ထောင်စု (၁၇)စုမှ လူဦးရေပေါင်း (၆၉)ဦးတို့အား တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ဒူးရင်းဆိပ်ကျေးရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူအများစု နေထိုင်ကြပြီး ဒုံသမိချောင်းရေမှာ ယင်းနေ့ နံနက်ပိုင်း တိုင်းတာမှုအရ အဆိုပါချောင်းရေ၏ စိုးရိမ်ရေအမှတ်အောက် သုံးပေခန့်သို့ ရောက်ရှိနေကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်