ရန်ကုန် ၂ မတ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီလဆန်းတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ခြေစစ်ပွဲစတင်ခါနီး တစ်လနီးပါးအလိုတွင် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အိန္ဒိယဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း တစ်ပတ်ကျော် လေ့ကျင့်မှုရပ်နားခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုလအတွင်း ပြည်တွင်းခြေစမ်းပွဲများ အပတ်စဉ်ကစားမည်ဖြစ်ပြီး နိုင်ငံတကာ ခြေစမ်းပွဲကစားရန်လည်း ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာအမျိုးသမီးအသင်း ခြေစမ်းပွဲကစားရန် ဆောင်ရွက်လျက်ရှိပြီး ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲကစားခွင့်ရရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၁၇ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ပြီး ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွဲတိုင်းအနိုင်ရပြီး ချန်ပီယံဆုရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုပွဲများတွင် အီရန်၊ နီပေါ၊ အိန္ဒိယအသင်းတို့ကို အနိုင်ရခဲ့သလို ဗိုလ်လုပွဲတွင် နီပေါအသင်းနှင့် ပြန်လည်တွေ့ဆုံရာတွင်လည်း သုံးဂိုး-တစ်ဂိုးဖြင့် ထပ်မံအနိုင်ရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲတွင် နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှားတို့နှင့် အုပ်စု(က)တွင် ကျရောက်နေပြီး ထိပ်ဆုံးတစ်သင်းသာ တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင်  နည်းပြချုပ်- ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ- ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား- ဇာဇာမြင့်၊ မေဇင်နွယ်၊ မေသဇင်ထွန်း၊ နောက်တန်း- ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သန္တာဦး၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း- ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်