နေပြည်တော် ဇူလိုင် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနခရိုင်ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အကြောင်းအမျိုးမျိုးကြောင့် လာရောက်တွဲဖက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မိသားစုများ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းတစ်ဦးချင်းနှင့် ဌာနအလိုက် အခက်အခဲများကို မေးမြန်းပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ပေပင်ကျေးရွာအုပ်စု ညောင်ပေါကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာသူ / ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော ရွာတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်း (၂) မိုင် ဖောက်လုပ်ပေးခြင်းလုပ်ငန်း၊ ရေထွက်ရေတားတမံ ပြုလုပ်ပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကာ ကျေးရွာ၏ အဓိကလုပ်ငန်းဖြစ်သော ရာသီပန်းများ စိုက်ပျိုးရာတွင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ညောင်ပေါကျေးရွာ ရေထွက်ရေတားတမံ ပြုလုပ်ပေးခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်