နေပြည်တော် ဇူလိုင် ၂၅ 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပြတိုက်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေပြု၍ ဘာသာရေး၊ ယဉ်ကျေးမှု အခြေပြုခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်