ရန်ကုန် ၂ မတ်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ကို ယနေ့ညနေပိုင်းက ပြန်လည်ကျင်းပရာ မကွေးအသင်း နိုင်ပွဲစရပြီး ဧရာဝတီနှင့် Southern အသင်းတို့ သရေကျခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မကွေးအသင်းက တန်းတက်ဒဂုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ လေးပွဲဆက် နိုင်ပွဲပျောက်ထားသည့် မကွေးအသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် ပထမဆုံးနိုင်ပွဲရခဲ့သည်။
အမာခံကစားသမားများ လက်လွှတ်ခဲ့ရသောကြောင့် လူငယ်ကစားသမားများဖြင့် ပြန်လည်တည်ဆောက်နေသည့် မကွေးအသင်းသည် သုံးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုကိုပါ အဆုံးသတ်ပြီး ယခုရာသီတွင် ပထမဆုံးအမှတ်ပြည့် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲကို တစ်လနီးပါးရပ်နားပြီး ပြန်လည်ကျင်းပသည့်ပွဲ ဖြစ်သောကြောင့် နှစ်သင်းစလုံး ဒဏ်ရာပြဿနာကင်းစင်နေပြီး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။
နိုင်ငံခြားသား ကစားသမားများ ပါဝင်သည့် ဒဂုံအသင်းသည် ပထမပိုင်းတွင် ပိုဖိကစားနိုင်သော်လည်း ဂိုးသွင်းခွင့် ဖန်တီးမှုအပိုင်းတွင် အားနည်းခဲ့သောကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။
မကွေးအသင်းသည် ပထမပိုင်းကတည်းက ဂိုးရရန် နီးစပ်ခဲ့သော်လည်း ၃၂ မိနစ်တွင် အောင်မြင့်ထွန်း၏ ကန်ချက် ဘေးထွက်သွား၍ နစ်နာခဲ့ရသည်။ မိနစ် ၆၀ နောက်ပိုင်းတွင် မကွေးအသင်းက ပွဲကိုစိုးမိုးလာနိုင်ပြီး ၆၄ မိနစ်တွင် နိုင်နိုင်ကျော်က အဖွင့်ဂိုးသွင်းယူခဲ့သည်။
ယင်းနောက်ပိုင်းတွင်လည်း မကွေးအသင်းကသာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၉၀+၁ မိနစ်တွင် စိုးလွင်လွင်က ဒုတိယဂိုးသွင်းယူခဲ့သည်။
ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီနှင့် Southern အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ယခုရာသီ ပထမဆုံးအိမ်ကွင်းပွဲတွင် ဧရာဝတီအသင်း နိုင်ပွဲပျောက်ဆုံးခဲ့ပြီး နောက်မှလိုက်ကစားခဲ့ရသည်။ ၅၇ မိနစ်တွင် ဖြိုးပိုင်စိုးက Southern အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဧရာဝတီအတွက် ချေပဂိုးကို ၈၃ မိနစ်တွင် မာတူနာက သွင်းယူခဲ့သည်။
ဒုတိယနေ့ကို မတ် ၃ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ Chinland နှင့် ရှမ်းယူနိုက်တက်၊ ဗထူးကွင်း၌ ရတနာပုံနှင့် ဟံသာဝတီ၊ ဝေသာလီကွင်း၌ ရခိုင်နှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ရဲရင့်ရှိုင်း