မန္တလေး ၂ မတ်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်မှစတင်၍ စီမံချက်ဖြင့် ဆောင်ရွက်နေသည့် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်တွင် နေအိမ်အဆောက်အအုံ အသီးသီး၏ အချက်အလက်စာရင်းများ ကောက်ယူမှုလုပ်ငန်းတွင် လက်ရှိကောက်ယူထားမှု စာရင်းများအရ အိမ်ခွန်ကောက်ခံမှု ကင်းလွတ်နေသည့် အိမ်အလုံးရေ ၁၃၀ဝ၀ဝ ခန့်တွေ့ရှိထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနတွင် လက်ရှိစာရင်းများအရ မန္တလေး (၆)မြို့နယ်မှ အိမ်ခွန်စည်းကြပ် ကောက်ခံမှုရရှိသည့် အိမ်အလုံးရေမှာ ၁၃၀ဝ၀ဝ ကျော်သာရှိခဲ့ပြီး ယခုစီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးမှုများအရ လုပ်ငန်းဆောင်ရွက်မှု ၉၈ ရာခိုင်းနှုန်းအပြီးတွင် အိမ်ခွန်စည်းကြပ် ကောက်ခံရန်အတွက် အိမ်အလုံးရေ ၂၆၀ဝ၀ဝ ခန့် တွေ့ရှိထားကြောင်း သိရသည်။
''ကျွန်တော်တို့ မြို့တော်စည်ပင်က မြို့တော်သူ မြို့တော်သားတွေဆီက အခွန်ငွေတွေ တိုးမြှင့်ကောက်ခံခြင်းထက် အခွန်ပုန်း၊ အခွန်ရှောင်နဲ့ ကောက်ခံမှုလွတ်ကင်းနေတဲ့ အခွန်ငွေတွေကို အပြည့်အဝရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားကောက်ခံ ရရှိနိုင်ဖို့အတွက် အခုလို စီမံချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိ ကောက်ခံရရှိထားတဲ့ အိမ်အလုံးရေစာရင်းနဲ့ မြေပြင်ကွင်းဆင်း ကောက်ခံမှုစာရင်းက တစ်ဝက်လောက် ကွာဟနေတာကို တွေ့ရတယ်။ အခုတွေ့ရှိတဲ့ အခွန်ကောက်ခံမှု ကင်းလွတ်နေတဲ့ အိမ်ရာတွေကို ရာဖြတ်ဌာနနဲ့ တိုင်းတာတွက်ချက်ပြီး အခွန်ငွေတွေ တိုးတက်ရရှိအောင် ကောက်ခံသွားမှာပါ''ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံချက်လုပ်ငန်းကို အနာဂတ်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်မှစ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်တွင် အိမ်ပိုင် (သို့မဟုတ်) အငှားနေထိုင်မှု အိမ်ခွန်စည်းကြပ်မှု ရှိ၊ မရှိ၊ ဂရန်ပိုင်ဆိုင်မှု ရှိ၊ မရှိနှင့် မိလ္လာနှင့် ရေသုံးစွဲမှုစနစ် လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် လိုင်စင်ရှိ မရှိ စသည့်အချက်အလက်များကို ကောက်ယူခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် (၆)မြို့နယ်အတွင်းမှ အိမ်ခွန်စည်းကြပ် ကောက်ခံရရှိမှုအနေဖြင့် သန်းပေါင်း ၁၈၀ဝ ရရှိရန် လျာထားခဲ့ပြီး လာမည့်နှစ်တွင် အိမ်ခွန်ကောက်ခံရရှိမှုကို ယခုထက် နှစ်ဆခန့် ပိုမိုတိုးတက်ရရှိရန် ခန့်မှန်းထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်


