မန္တလေး ဇူလိုင် ၂၅
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မန္တလာတက္ကသိုလ်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့ တက်ရောက်အားပေးသည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်စန်းစန်းဝင်းနှင့် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်း၌ ဆက်လက်ကျင်းပရာ မန္တလာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး “စာပဒေသာ ဝေဆာစေမည်” Video Clip ကို ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးရဲတင့်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မန္တလာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်စန်းစန်းဝင်းက စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက လက်ခံရယူသည်။
ဆက်လက်ပြီး စာရေးဆရာမ မေမြတ်လင်း (တိုင်ပင်ဖော်)က မန္တလာတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်နှင့် ဆေးဝါးတက္ကသိုလ် တို့အတွက် စာအုပ်များ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် မန္တလာ တက္ကသိုလ်မှ အနုပညာအသင်းဝင် ကျောင်းသား ကျောင်းသူများက “ပညာဝေဖြာမန္တလာ” သီချင်းဖြင့် လည်းကောင်း၊ စကားရည်လုပွဲ (final) ယှဉ်ပြိုင်ခြင်း၊ မန္တလာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ ဓာတ်ပုံပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယခုကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်သို့ မန္တလေးမြို့ရှိ တက္ကသိုလ် ကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုလေ့လာ၍ ပြိုင်ပွဲများနှင့် ဖျော်ဖြေပွဲများတွင်လည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


