အယ်ဒီတာ ခင်ဗျား-

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖြစ်စဉ်တွေကို မြင်ရကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ စစ်ရှောင်ကားတန်းကြီးတွေမြင်ရတာ၊ လမ်းတွေမှာပိတ်မိလို့ အစာရေစာ အခက်အခဲဖြစ်နေတာတွေကိုမြင်ရတော့ ကျွန်တော်တို့နိုင်ငံသားတွေအတွက် အင်မတန်မှ ဝမ်းနည်းမျက်ရည်ကျမိပါတယ်။ ဒါပေမဲ့လို့ ပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီနေကြတာ၊ ကျွေးမွေးလှူဒါန်းနေကြတာတွေ မြင်တွေ့ရတော့လည်း နည်းနည်းတော့ စိတ်သက်သာရာ ရမိပါတယ်။

တကယ်တော့ ဒီလိုအခြေအနေတွေဖြစ်အောင် ဘယ်သူတွေ လုပ်ဆောင်နေတယ် ဘာကြောင့်လုပ်နေတယ်ဆိုတာ ပြည်သူတွေက သိလာကြပါပြီ။ MNDAA ၊TNLA ၊ AA စတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့ဟာ လက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီးတော့ သူတို့နယ်မြေချဲ့ထွင်နိုင်ရေး၊ ဆက်ကြေးကောက်၊ ဓားပြတိုက်ငွေရှာနိုင်ရေးအတွက် တိုင်းရင်းသား အခွင့်အရေး ခေါင်းစဉ်တပ်ပြီး အသံကောင်းဟစ်လုပ်ဆောင်နေကြတာပါ။

လက်ရှိအခြေအနေမှာ ကိုးကန့်ဒေသအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသားအလုပ်သမားတွေကို ဖမ်းဆီးပြီး MNDAA အတွက် တိုက်ပွဲဝင်ခိုင်းတဲ့ဖြစ်စဉ်တွေ၊ စာသင်ကျောင်းတွေပိတ်ထားတာတွေ၊ အခွန်အကောက်တွေ ကောက်ခံနေတာတွေကို လုပ်ဆောင်နေတဲ့အတွက် အဲဒီဒေသမှာနေထိုင်သူတွေက “အရင်ထက်ဆိုးတဲ့အခွန်တွေ ကောက်ခံနေရင်၊ ပြည်သူတွေကို ညစ်ပတ်နေရင် သိပ်မကြာတော့ဘူး မင်းတို့ကျရှုံးလိမ့်မယ်၊ ဒါပြည်သူ့ ကျိန်စာပဲ”ဆိုတဲ့အသံတွေကိုလည်း နားမဆံ့အောင် ကြားလာရပါပြီ။

နောက်တစ်ဦးကလည်း “တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်မတော်ကိုတိုက်နေတာ အာဏာရှင်ကို တော်လှန်နေတာမဟုတ်ဘူး။ နယ်မြေလုနေတာ၊ ခင်ဗျားတို့ရဲ့ အိမ်တွေ၊ မြေတွေကို အပိုင်ယူမှာ၊ သူတို့ကိုးကန့်၊ ပလောင်နယ်အဖြစ်သိမ်းမှာ၊ လူမျိုးရေးအရ တိုက်နေတာ။ ခုထိတပ်မတော်ကို မုန်းတာနဲ့ပဲ မျက်စိတွေနားတွေ မပွင့်ကြသေးဘူးလား’’ ဆိုတဲ့ ကွန်မန့်တွေကိုလည်း လူမှုမီဒီယာတွေမှာ တွေ့နေရပါတယ်။

ယခု ဇူလိုင်လဆန်းကစပြီးတော့ လားရှိုးမြို့ကို နယ်မြေချဲ့ထွင်ဖို့ MNDAA နဲ့ အပေါင်းပါတွေက တိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူတွေသေကျေ ဒဏ်ရာရမှုတွေဖြစ်နေပါတယ်။ ဒါကြောင့် စစ်ရှောင်လာသူအမြောက် အမြားဟာ မိမိတို့ဆွေမျိုးသားချင်းများရှိရာ နေရာတွေကို လာတဲ့အခါမှာ အခက်အခဲတွေနဲ့ ကြုံနေရတာပါ။

ဒါကြောင့် လက်ရှိအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ တိုက်ပွဲတွေကြောင့် ခေတ္တတိမ်းရှောင်နေရတဲ့ တိုင်းရင်းသားပြည်သူတွေကို အသိပေးချင်တာက ဘာမှအားမငယ်ပါနဲ့။ ပြည်သူကနေ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အစားအသောက်၊ နေရာထိုင်ခင်းကအစ ဖုန်းဘေလ်အဆုံးတတ်နိုင်တဲ့ ဘက်က ကူညီနေကြပါတယ်။ ဆက်လည်းကူညီပေးနေမှာပါ။ 

 နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့လည်း မြို့ခံလူထု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် အစွမ်းကုန် ဦးစားပေးဆောင်ရွက်လျက်ရှိသလို ဒေသခံပြည်သူတွေ၊ တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်ကို အားပေးထောက်ခံလျက်ရှိတယ်ဆိုတာကို ကြေးမုံအယ်ဒီတာမှတစ်ဆင့် အသိပေးပေးပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

မောင်နိုင်(ရန်ကုန်မြို့)