နေပြည်တော် ဇူလိုင် ၂၆
“စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အွန်လိုင်းပညာပေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေး နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများကို သမားရိုးကျ ပညာပေးရေး နည်းလမ်းများအပြင် နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communication Technology – ICT)ကို စနစ်တကျ အသုံးချနိုင်ရေး အားပေးမြှင့်တင် ဆောင်ရွက်သွားရန် လိုကြောင်း၊ Digital Media ကို တောင်သူ လယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြရန် အရေးကြီးကြောင်း၊ ကွန်ပျူတာအသုံးပြု Digital Media ထက် မိုလ်ဘိုင်းဖုန်းအခြေခံ လူမှုကွန်ရက်မီဒီယာ နည်းလမ်းများကို လူတန်းစားအလွှာစုံက ပိုမို အသုံးပြုသည့်အတွက် အင်တာနက် ချိတ်ဆက်ထားသော ကွန်ပျူတာ၊ မိုလ်ဘိုင်းဖုန်း၊ တက်ပ်လက်များဖြင့် နည်းပညာများ၊ အသိပညာများနှင့် သတင်းအချက်အလက်များကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အလွယ်တကူရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းဆွေးနွေး ပြောကြားသည်။
ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပညာရှင်များက စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်စေရန် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအသုံးပြုနေသော အွန်လိုင်းပညာပေးခြင်း လုပ်ငန်းအမျိုးမျိုးနှင့် အွန်လိုင်းပညာပေးရေး လုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများ၊ အွန်လိုင်းပညာပေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သောလုပ်ငန်းများ၊ နည်းလမ်းများကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေး ချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲသို့ ကိုယ်တိုင်ပါဝင် တက်ရောက်လာကြသူများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ Zoom ဖြင့် တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ အကြံပြု သုံးသပ်တင်ပြချင်းများ ဆောင်ရွက်ခဲ့ကြသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများအတွက် နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများအပြင် လုပ်ငန်းခွင်အခက်အခဲများ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်နှင့် သတင်းအချက် အလက်များကို အချိန်မီဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကဏ္ဍစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး လစဉ်စကားဝိုင်းဆွေးနွေးများကို ကျင်းပပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


