ရန်ကုန် ဇူလိုင် ၂၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ‘‘လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ’’ အခမ်းအနားကို ယနေ့နံနက် ၉နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားက စားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင်၊ မြန်မာ့ အားကစား လက်ရွေးစင်ဟောင်းများအသင်းဥက္ကဌ ဦးစိုးသိန်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုး အပေါ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးကိုလို လားသည့် စိတ်ဓာတ်၊ စည်းကမ်းရှိသူများ၊ ခေတ်မီတိုးတက်သည့် အသိပညာ ဗဟုသုတတိုးပွားသူများ ဖြစ်အောင်ကြိုးစားနေထိုင်ပြီး မိမိတို့တိုင်းပြည်အနာဂတ် လင်းလက်လှပအောင် ဦးဆောင်နိုင်သည့်လူငယ်များဖြစ်အောင် ကြိုးစားသွား ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဌ ဦးစိုးသိန်း က အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပို့ချပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်္ဃန်းကျွန်းပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင်ထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများ အသင်းဥက္ကဌကို အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်သည်။
ထို့နောက် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီတာအောင်က ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး နှင့်တာဝန်ရှိသူတို့သည် သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


