နေပြည်တော်   ဇူလိုင်  ၂၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့  သီရိလင်္ကာနိုင်ငံ၊   ကာကွယ်ရေးဝန်ကြီးဌာန၏    အတွင်းဝန် General Kamal Gunaratne (Retd)က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌  လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံ၊  ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့်အတူ  မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး  H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma   နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာ များတွင် အတူတကွ   အပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု  အခြေအနေများ၊ နှစ်နိုင်ငံ  တပ်မတော်နှစ်ရပ် အကြား သင်တန်းသားများစေလွှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်းမ် စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကျင်းပခဲ့မှု အခြေအနေများနှင့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံအားလုံးနှင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

မှတ်တမ်းတင်ဓာတ်ပုံရိုက်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊   ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်တို့သည် အမှတ်တရ   လက်ဆောင်ပစ္စည်းများ    အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်