ပွင့်ဖြူ ၂ မတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကြီးမှူးကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို မတ် ၂ ရက် ယနေ့ နံနက် ၉ နာရီက အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာဘွဲ့ အပ်နှင်းပွဲအခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်က ပညာသင်နှစ်အလိုက် စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ရ ကျောင်းသားကျောင်းသူများ မွေးထုတ်သင်ကြားပေးနေမှု အခြေအနေများနှင့် ထူးချွန်ထက်မြက်သော စိုက်ပျိုးရေးပညာရှင်များ ပေါ်ထွန်းလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှု လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေး၊ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီတင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးဒီပလိုမာဘွဲ့ ရရှိသော ကျောင်းသားကျောင်းသူ ၁၈၆ ဦးအား တစ်ဦးချင်းအလိုက် ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)