ပြင်ဦးလွင် ၂ မတ်
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး မန္တလေးတိုင်းဒေသကြီးမှ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၄)၊ စနိုးကွင်းဘော်ဒါဆောင်ရှေ့လမ်း၊ 79 Café နေအိမ်၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများမှ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုမှ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရှင်းလင်းပြောကြားခြင်းကိုလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေမှ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၂၀၁၉ - ၂၀၂၈) ရေးဆွဲနိုင်ရန်အတွက် တိုင်းရင်းသားရေးရာ အခြေခံစစ်တမ်း ကောက်ယူခြင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားများထံမှ အခြေခံအချက်အလက်များကို စုပေါင်းစစ်တမ်းကောက်ယူ ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)


