နေပြည်တော် ဇူလိုင် ၂၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော အချက်တစ်ခုဖြစ်သည့် အရည်အချင်းပြည့်ဝသော ပညာတတ်လူငယ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ချီးမြှင့်ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ် လူငယ်လူရွယ်များ တိုးပွားများပြားလာစေရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူမှုအခွင့်လမ်း ရရှိစေရေးတို့ကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘများ အနေဖြင့်လည်း နိုင်ငံ့သားကောင်း ပညာတတ် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသော စွမ်းဆောင်ရည်မြင့်မားသည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်ဝန်ထမ်း သားသမီးများဖြစ်သည့် ဘာသာစုံဂုဏ်ထူးရှင် (၁) ဦး၊ ငါးဘာသာဂုဏ်ထူး ရှင် (၄) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၅) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၂) ဉီး တို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်