နေပြည်တော် ဇူလိုင် ၂၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ၃၃ / ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ၏ ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ပုဗ္ဗသီရိမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေလ် ငွေကောက်ခံမှု၊ မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုထံသို့ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် ဗို့အားပြည့်ဝ တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးပို့နိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၃၃ / ၁၁ ကေဗွီ ဓာတ်အားခွဲရုံများသို့ သွားရောက်ပြီး မြို့တွင်းနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


