နေပြည်တော် ဇူလိုင် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ယနေ့နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအား ပေးစကား ပြောကြားကာ ရေနံချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၈၆၃) ဦး အတွက် ဆန်ရိက္ခာဖိုးနှင့် ရေနံချောင်းမြို့နယ် မိန်းမလှကျွန်းကျေးရွာနှင့် မန်မြေရွာသစ်ကျေးရွာ ကမ်းပါးပြိုဘေးသင့် အိမ်ခြေ (၅၅) လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန မကွေးမြို့ မူလတန်းကြိုကျောင်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကလေးငယ်များကို ငယ်စဉ်ကပင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သော အလေ့အကျင့်ကောင်းများ ရရှိအောင် ပြုစုပျိုးထောင်ပေးရန်နှင့် သင်ကြားနည်းစနစ်များနှင့်အညီ သင်ကြားပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ကလေးငယ်များကို မုန့်နှင့်ပဲနို့များ ဝေငှပေးသည်။
ထို့နောက် မကွေးမြို့ မြင်းကင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ မကွေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၈၄၇၃) ဦး အတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး မင်းဘူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၉၀၀၇) ဦး အတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့၍ အားပေးစကား ပြောကြားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ မင်းဘူးမြို့၊ ရေနံချောင်းမြို့ အပါအဝင် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် (၁၅၅ ဒသမ ၂၃၉) သန်းကျော် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးတို့သို့ သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှု၊ ထောက်ပံ့ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ပစ္စည်းများလေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့နိုင်ရေး၊ အသိပညာပေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့ ကလေးပြုစုရေးဌာနသို့ရောက်ရှိပြီး ကလေးများ ပြုစုထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ စားဖိုဆောင်သန့်ရှင်းမှုရှိရေး၊ အာဟာရပြည့်ဝသော အစားအစာများ ချက်ပြုတ်ကျွေးမွေးရေးတို့ကို အထူးဂရုပြုရန် မှာကြား၍ ကလေးငယ်များအတွက် အာဟာရမုန့်များနှင့် အရုပ်များ ဝေငှပေးသည်။
ယင်းနောက် မကွေးမြို့ မူလတန်းကြိုကျောင်း၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဦးစီးဌာန အလိုက်လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်


