နေပြည်တော် ဇူလိုင် ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန အားကစားကွင်း၌ ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် အားကစားနည်းများ အလိုက်ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး ၊ စိတ်အပမ်းပြေစေရေးနှင့် ဦးစီးဌာနများအကြား ရင်းနှီးချစ်ကြည်မှု တိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပ ပေးခြင်းဖြစ်သကဲ့သို့ ထူးချွန်သူများကို ရွေးချယ်၍ ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုကျင်းပသည့် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကို ဇူလိုင် (၁၇) ရက်မှ (၂၇) ရက်အထိ ရုံးအမှတ် ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုဖလားရရှိသည့် ရုံးအမှတ် (၃၆) အသင်းကို ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ဒုတိယဆု၊ တတိယဆုနှင့် အခြားဆုများကို ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


