ရန်ကုန် ၂ မတ် 

 


သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခံရသည့် ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးစေတီဝင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင် သိမ်တော်ကြီးတွင် ကျင်းပသည်။

adf


အခမ်းအနားသို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ (၁၁)ပါးမြောက် တိပိဋ္ဋကဓရဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလနှင့် ပင့်သံဃာတော်များ၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခံရသည့် ရဟန်းသံဃာတော်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခံရသည့် လူပုဂ္ဂိုလ်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်မြင့်မြင့်ရီ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့ နုဂ္ဂဟအသင်းဗဟို(ဥက္ကဋ္ဌ)နှင့် ဗဟိုကော်မတီဝင်များ၊ ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ ဗဟိုသံဃာ့ဝန်ဆောင် ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသြဘာသ (ရေတာရှည် ဆရာတော်) ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟို(ဥက္ကဋ္ဌ) ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေမှ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 


ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခံရသည့် ဒွိပိဋကဓရဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိနှင့် ဆရာတော်သံဃာတော်များအား ဒေါက်တာခင်ရွှေနှင့် တာဝန်ရှိသူများက ထပ်ဆင့်ဂုဏ်ပြုမော်ကွန်းလွှာများ ဆက်ကပ်လှူဒါန်းကြသည်။ 

 


ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ ဇနီး ဒေါ်မြင့်မြင့်ရီက ဘွဲ့တံဆိပ်ချီးမြှင့်ခံရသည့် လူပုဂ္ဂိုလ်များအား မော်ကွန်းလွှာစလွယ်များ ပေးအပ်သည်။

 


ဆက်လက်၍ ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းမှ ချီးမြှင့်သည့် အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းမှ ဓမ္မစကြာ ရွတ်ဆိုပူဇော်မှုအများဆုံးဖြင့် (ပထမ) တံဆိပ်တော်အား ဗဟိုဥက္ကဋ္ဌမှ တိုင်းကော်မတီဝင်ထံ အပ်နှံခြင်းနှင့် မဟာဘုံကထိန်ပွဲတွင် ဆုရရှိသော မြို့နယ်များအား ဗဟိုဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များမှ ဆုများပေးအပ် ချီးမြှင့်သည်။

 


အကြိုဂုဏ်ပြုပွဲ အခမ်းအနားအား ရန်ကုန်တိုင်း သာသနာနုဂ္ဂဟအသင်းမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟိုမှ ကူညီပံ့ပိုးပေးသည်။

 

(မင်းသစ်)